ဒေါင့်သန်းရောဂါ ကာကွယ်ဖို့ ကွက်ပြည့်ကာကွယ်ဆေးထိုးကြစို့

မတ်လ 24, 2020

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှဘွဲရပြီး အလုပ်ထဲဝင်ပြီးနောက် ဇာတိမြေကို ပြန်ရောက် သည်မှာ (၅)နှစ်မြောက်အချိန်က တစ်ခေါက်၊ ယခု (၇)နှစ်မြောက်တွင်တ­­စ်ခေါက် စုစုပေါင်းမှှ ၂ ခေါက် ပင်ရှိသေးသည်။ အလုပ်ဝင်ပြီး လွန်ခဲ့သော (၂) နှစ်ခန့်ကရောက်ခဲ့စဉ်ကလည်း ယခုကဲ့သို့ နွေဦးအချိန်ပင်ဖြစ်သည်။ နွေဦး အချိန်ဖြစ်သောကြောင့် လေရူးကလည်း တသုန်သုန် နှင့်ဖြစ်၏။ ဝန်းကျင်တစ်ခွင်မှာကလည်း မြူတွေဆိုင်းလို့ “ရှစ်ခွင်တိုင်း၊ မှိုင်းမှုင်းမှုန်ဝေ”ဆိုသကဲ့သို့ တကယ့်လွမ်းမောစရာပင်။ သစ်ပင် သစ်ကိုင်းများမှာ နှစ်ဟောင်းက ရွက်ဟောင်းတွေ အကုန်ကြွေကျလို့ နှစ်သစ်မှာရွက် သစ်ထွက်မည်ဆို သည့်သဘောနှင့် ပုရစ်ဖူးတွေအစီအရီ။ သစ်ပင်များသည်လည်း  အဟောင်းမှသည် ကောင်းမွန်သစ်လွင်သည့် အသစ်ဘက်သို့ ကူး​ပြောင်းနေမှုကို ညွှန်း ဆိုပြနေလေ၏။

            နံနက်စာအဖြစ် အိမ်မှာ မစားရသည်မှာကြာပြီဖြစ်သော အမေ့လက်ရာထမင်းစားပြီး မရောက် သည်မှာ ကြာပြီဖြစ်သည့် ရွာရဲ့အရှေ့ဘက်ရိုးဖြတ်တောအလွန်က ဘကြီးထွန်းတို့တောတိုက်ဘက် ထွက်လာခဲ့၏။ ကျွန်တော်တို့ဇာတိသည် ဆည်ရေသောက်ဧရိယာတွင်မပါဝင်ပါ။ မိုးပေါ်ကျ မိုးရေကိုသာ အားကိုးရသဖြင့် ဒေသအခေါ် မိုးကောင်းသောက်ဒေသဖြစ်သည်။ ထို့ကြောင့် ချိုင့်ဝှမ်းသော မြေနိမ့်ပိုင်း များကို လယ်စိုက်၍ ကုန်းမြင့်ပိုင်း ကိုမူ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြံစသည့် ယာသီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြသည်။ ရွာ ၏အရှေ့ဘက်ရှိ ပြည်တော်သာကန်ရိုးမှ ဘကြီးထွန်းတို့ တောတိုက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက် သည့် အခါ နွားအကောင်ရေ ၄၀ ခန့်ရှိသော နွားပြာစိမ်းနွားအုပ်ကြီးကို မြင်လိုက်ရစဉ် ကျွန်တော့၏ စိတ်အစဉ်တို့သည် လွန်ခဲ့သော (၂) နှစ်က ဘကြီးထွန်းတို့နေထိုင်ရာတဲကုန်းသို့ အလည်သွားခဲ့သည့်အဖြစ်အပျက်များဆီသို့ ဆွဲခေါ်သွား လေတော့သည်။

ဘကြီးထွန်းဆိုသည်မှာ ကျွန်တော့အဖေ့ရဲ့ အစ်ကိုအကြီးဆုံး၊ သူကရွာရဲ့အရှေ့ဘက်မှာ သရက် ဥယျာဉ်ကြီးနှင့် ပဲစိုက်နှမ်းစိုက် တောင်သူလုပ်သူဖြစ်သည်။ ကျွန်တော့ကို မြင်သောအခါ တဲတောင်ဘက် သရက်ပင် ရိပ်ရှိ ကွပ်ပြစ်ပေါ်တွင် ကွမ်းမြုံ့နေသည့် ဘကြီးထွန်းက

“ဟေ့ မောင်မျိုး….. ငါ့တူကြီးလာမှပဲ ဘကြီးကတော့ တွေ့ရသကွာ၊ လာထိုင်ဦး၊ ရော့…. ပဲကြမ်းကြော်နဲ့ ရေ နွေးသောက်ကွာ”

ပြောပြောဆိုဆိုနှင့် ထန်းလျက်ပန်းကန်နှင့် ဘကြီးထွန်း၏ဇနီး ဒေါ်လေးဖွေးသုပ်ပေးသော ပဲကြမ်းကြော်ပန်း ကန်ကို ထိုးပေးပါသည်။

ဤသို့ဖြင့် တူဝရီးနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ် ရွာအကြောင်း၊ ရပ်အကြောင်း၊ စိုက်ပျိုးရေး အကြောင်း၊ မိုးလေဝသအကြောင်းတွေ ပြောရင်းနဲ့ မွေးမြူရေးအကြောင်းကို ရောက်သွားတော့၏။ ဘကြီး သည် စိုက်ပျိုးရေးသာမက မွေးမြူရေးလည်း ဝါသနာကြီး၏။ ဘကြီး၏တဲတိုက်တွင်လည်း ခိုင်းနွားကြီး နှစ်ရှဉ်း အပြင် နွားပေါက်လေး (၄) ကောင်နဲ့ နွားမကြီး ၁၀ ကောင်လည်း မွေးထားသေး၏။ စားကျက်ကတော့ အထူး လုပ်ထားတာမရှိပါ။ ပဲရိတ်၊ နှမ်းရိတ်၊ စပါးရိတ်ပြီးပါက စားကျက်ဖြစ်သွားတော့၏။

            မွေးထားသည်မှာလည်း နွားပြာစိမ်းကြီးတွေဖြစ်သဖြင့် နွားများအားလုံးသည် ဖြူဖွေးမြင့်မားနေ၏။ ကျွေးထားသည်မှာလည်း ဝဖီးလို့နေ၏။ သူ့နွားတွေကို မြင်သည့်အခါ ကျွန်တော်လည်း အားရဝမ်းသာဖြင့်

“ဘကြီး.. ဘကြိီးနွားတွေက ချောလှ ဝလှပါလားဗျ၊ ကျွေးသား မွေးသားကောင်းတော့ ကောင်ရေကလည်းများ တယ်နော် စုစုပေါင်း ဘယ်နှစ်ကောင်လဲဘကြီး”

“ကျွေးသားမွေးသားကောင်းလို့ ဝ လည်းဝတယ်၊ ကောင်ရေလည်း ပွားပါသဗျာ၊ ဒါပေသိ…..”

ဒါပေသိဆိုပြီးစကားရပ်ပြီး မျက်နှာညှိုးငယ်စွာနဲ့ ဟိုအဝေးတနေရာကို ကြည့်လျက်…..

“ငါ့တူကြီးရာ မနှစ်က ဘကြီးခြံထဲက နွားတွေ ၈ ကောင်တောင် ဆုံးသွားတာကွာ၊ ဘကြီးဖြင့် နှမြောလိုက်တာ၊ ငါ့တူကြီးရဲ့ အဒေါ်ဆို စိတ်မကောင်းလွန်းလို့ ထမင်းတောင် ၂ ရက်မစားဘူး၊ သူ့အချစ်ဆုံး နွားပြာစိမ်း မဒါန်း မလေးပါ ဆုံးသွားလို့တဲ့ကွာ”

“ဒါနဲ့ ဘယ်လိုဖြစ်လို့ အဲလောက်အများကြီးဆုံးသွားရတာလဲ ဘကြီးရ”

“ဘယ်လိုဖြစ်ရမှာလဲ ငါ့တူရာ၊ မနှစ်က မိုးဦးကျမှာ မိုးကလည်းကောင်းတော့ ကိုကြီးချမ်းသာတို့ တောတိုက်နား ကကွင်းစပ်တွေမှာ မြက်တွေကလည်းပေါတော့ ချက်ကြီးကလည်းစားစေချင်လို့ အဲဒီဘက်ကို သွားပြီးကျောင်း လိုက်တာအောင်နိုင်နတ်ဖမ်းပါလေရောကွာ”

ချက်ကြီးဆိုသည်မှာ ဘကြီးထွန်းတို့အိမ်တွင် နွားကျွေးရေတိုက် ခိုင်းစေရန်အတွက်ခေါ်ထားသည့် အလုပ်သ မား ဖြစ်သည်။

“အောင်နိုင်နတ်ဖမ်းတာလေကွာ ဖမ်းတာမှ ဘကြီးတို့နွားတေွသာမကဘူး၊ ဟိုဘက်က အောင်မြတို့ နွား ၅ ကောင်လည်းပါသွားသေးတယ်။ အောင်နိုင်နတ်က ကြမ်းသလားမမေးနဲ့ငါ့တူရေ။ တချို့နွားတွေေဆို သေပြီးတာတောင် ဒီအတိုင်းမနေဘူး စအိုကရနေ ကတ္တရာစေးလို အမဲရောင်အရည်တွေ ထွက်ကျတာ တရ စပ်ပဲကွာ။ တချို့အကောင်တွေကျတော့ အကောင်းတိုင်းကြီးကနေပြီး ရုတ်တရက် ဗိုက်ကြီးဖောင်း ဝူးဝါးအော် ပြီး ဆုံးသွားတာပဲ။ အောင်နိုင်နတ်က နွားတင်မကဘူးမောင်ရေ.. အဲဒီ သူ(အောင်နိုင်နတ်) ကိုင်ပြီးသားနွားကို ဖျက်စားတဲ့ကောင်တွေဆို အနာတွေပေါက်လို့ တစ်မိုးခါလုံး ဘာမှ မလုပ်ရဘူး..”

ဘကြီးသည် သူတွေ့မြင်ခဲ့ရသည်များကို သူ့ထင်မြင်ချက်များနှင့် ရောစပ်၍ ကွမ်းငုံထားသော ပလုပ်ပလောင်းသံကြီးဖြင့် အားရပါးရ ပြောနေလေတော့၏။

အမှန်တော့ ကျွန်တော့ဘကြီးပြောပြနေသည့်အကြောင်းအရာများသည် ကျွဲနွားများတွင် ဖြစ် တတ်သည့် ဒေါင့်သန်းရောဂါ၏ လက္ခဏာများပင်ဖြစ်ပေသည်။ ဒေါင့်သန်းရောဂါကြောင့် သေဆုံး သော နွားများကို အမဲဖျက်စားသောသူများ၊ အမဲကိုင်သူများမှာလည်း အမဲနာပေါက်တတ်သည်မှာ ဒေါင့်သန်းရောဂါ ပိုးကူးစက်ခံရခြင်း ပင်ဖြစ်သည်။ ကျွန်တော်တာဝန်ကျသော မြို့နယ်တွင် ဒေါင့်သန်းကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာက စီမံချက်ရေးဆွဲကာ နှစ်စဉ်ကွက်ပြည့်ထိုးနှံမှုကြောင့် ဒေါင့်သန်း ရောဂါ ဖြစ်ပွားမှုမရှိခဲ့သည်မှာ ကြာပြီဖြစ်၏။ ကွက်ပြည့်ကာကွယ်ဆေးထိုးခြင်းဆိုသည်မှာ အသက် (၆) လ နှင့်အထက် နွားအားလုံးကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် ရှိသမျှနွားအားလုံးကို ထုံးနှံခြင်းဖြစ်သည်။ ယခု ဘကြီးထွန်းတို့ နေထိုင်ရာ ကျွန်တော့ဇာတိမြို့နယ်တွင်လည်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများကို နှစ်စဉ်ထိုးပေးလေ့ရှိသည်။ သို့သော်ဘကြီးတို့ကဲ့သို့ ယာထဲတွင် တသီးတခြား နေသူများအဖို့ ပူးပေါင်းပါဝင်နိုင်ရန် သီးခြားနေရာတစ်ခုဖြစ်နေပေသည်။ ဤကဲ့သို ဒေါင့်သန်း ရောဂါကာကွယ်ဆေးထိုးနှံခြင်း ပျက်ကွက်မှုကြောင့် ဘကြီးထွန်းနှင့် သူတို့တဲတိုက်အနီးရှိ ဦးကြီး အောင်မြတို့ နွားများ အသက်မဆုံးရှူံးသင့်ပဲ အသက်ဆုံး ရှူံးခဲ့ရသည်။ ထိုကြောင့် ရောက်တုန်းရောက်ခိုက် ဘကြီးထွန်း တို့အား အသိပညာပေးရန်လိုအပ်လာသည်။ ထိုကြောင့် ဘကြီးတို့နားလည်မည့်စကားလုံးများနှင့် နားဝင် လက်ခံလာသည်အထိ ရှင်းပြရတော့သည်။

“ဘကြီးရေ.. တကယ်က ဘကြီးနွားတွေက အောင်နိုင်နတ်ဖမ်းလို့ သေတာမဟုတ်ဘူး”

“ဟေ.. ဟုတ်လား.. လင်းစမ်းပါဦးငါ့တူကြီးရ.. ငါ့တူကြီးက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်း ဆင်း တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတာကို ဘကြီးက မေ့နေ့လို့ဟေ့”

“ဒီလို ဘကြီးရ. ဒီရောဂါဟာ ဘက်စိလပ် အန်းသရက်စစ် (Bacillus Anthracis) ဆိုတဲ့ ဘက်တီး ရီးယားရောဂါ ပိုးကြောင့်ဖြစ်ပွားရတာ။ ဒီရောဂါပိုးက ရာသီဥတု အပူ၊ အအေးနဲ့ တချို့ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိတယ်။ ပြီးတော့ ဒီရောဂါပိုးဟာ မြေကြီး၊ ကျွဲနွားသားရေနဲ့ အရိုးတွေမှာ နှစ်ပေါင်း ၆၀ ကနေပြီး ၈၀ လောက်အထိ အသက်ရှင်နေနိုင်ပြီး ကျွဲ၊ နွားတွေသာမကပဲ သိုး၊ ဆိတ်၊ ဝက်၊ ဆင်၊ မြင်းစတဲ့ တိရစ္ဆာန်တွေမှာလည်း ဖြစ်တတ် သေးတယ်၊ လူကို လည်းကူးစက်တတ်တယ်”

“အေး....ဟုတ်လား ဆက်စမ်းပါဦး ငါ့တူကြီးရ”

“သူ့ရဲ့ရောဂါ လက္ခဏာတွေကတော့ ရောဂါဖြစ်တဲ့ ကျွဲနွားတွေမှာဆို ကိုယ်အပူချိန်တက်မယ်။ အစာ မစား တော့ဘူး။ စမြုံ့မပြန်တော့ဘူး။ ဗိုက်ဖောင်းမယ်။ အသက်ရှူကြပ်မယ်။ မောမယ်။ သေဆုံးခါနီးမှာ အကြော ဆွဲတာတွေဖြစ်တတ်တယ်။ တချို့နွားတွေမှာဆို ဘာရောဂါလဏ္ခာမှမပြဘဲ ရုတ်တရက် သေဆုံးတာ တွေလည်း ဖြစ်တတ်သေးတယ်၊၊ သေပြီးရင်လည်း ဒွါရပေါက်တွေကနေ နီညိုရောင် ဒါမှမဟုတ် အမဲရောင်ရှိတဲ့ သွေးတွေက မခဲဘဲနဲ့ ထွက်နေတာကို တွေ့ရတတ်ပါတယ်။ အဲဒါကို တချို့အရပ်ဒေသတွေမှာ သရက်ရွက် ကြီးရောဂါ၊ ဘေကြီးနာ၊ အောင်နိုင်နတ်ဖမ်းစားတာဆိုပြီး ခေါ်နေကြပါတယ်။”

“အေးကွယ့်.. ငါ့တူကြီးပြောတဲ့ ဒေါင့်သန်းရောဂါရဲ့ လက္ခဏာတွေနဲ့ မနှစ်မိုးဦးကျတုန်းက ဘကြီးတို့ နွားတွေ မသေခင်မှာ တွေ့ရတဲ့ လက္ခဏာတွေကတော့ တစ်ထေရာတည်းပဲဟေ့ ဟုတ်တော့ ဟုတ်နေပြီ”

တဖြည်းဖြည်းနဲ့ ကျွန်တော့ဘက်ကိုပါလာပြီး ကျွန်တော့အပေါ် ယုံကြည်အားကိုးသော မျက်လုံးများ ကို  ဘကြီး၏ မျက်နှာပေါ်တွင် တွေ့မြင်နေရသည်။

“ဒါနဲ့နေပါဦးကွ ဒါကကူးစက်ရောဂါဆိုတော့ ဘယ်ကနေ ဘယ်လိုကူးတာတုံး ငါ့တူရ၊ တို့နွားတွေဖြင့် ဘယ်မှ လည်း မသွားရပါဘူးကွာ”

“ရောဂါပိုးက ဘယ်လိုကူးစက်သလဲဆိုတော့ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကတဆင့် ရောဂါလက်ခံနိုင်တဲ့ တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့မိတာတို့၊ ရောဂါပိုးပါတဲ့ အညစ်အကြေးနဲ့ အသားတွေကို စားမိတာတို့ကနေပြီး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ စားကျက်မြေ၊ စားကျက်မှ မြက်၊ အစာ၊ ရေကို စားမိ သောက်မိတာတို့  ရောဂါပိုးပါတဲ့ လေကို ရှူမိရင်လည်း ကူးစက်နိုင်ပါတယ်။ ဒီရောဂါက ကျွဲနွားတွေတင် မကဘဲနဲ့ အမဲဖျက် စားတဲ့လူတွေ၊ အဲဒီအမဲသား အစိမ်းကို ကိုင်မိသူတွေ ပွန်းပဲ့၊ ထိခိုက်ဒဏ်ရာကတဆင့် ဝင်သွားရင်လည်း အနာကြီးတွေ ဖြစ်တတ်သေးတယ် ဘကြီး”

“အေး…ဟုတ်ပြီ ဒါဆို လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ကိုကြီးချမ်းသာတို့ နွားတွေလည်း ဒီလိုရောဂါ လက္ခဏာနဲ့ ဆုံးတယ်၊ ဒါကို ဘကြီးတို့က အောင်နိုင်နတ်ဖမ်းတယ်ထင်ခဲ့တာ။ ရောဂါပိုးက အဲဒီနေရာမှာ ကျန်ခဲ့တာ ကို တို့နွားတွေ သွားကျောင်းတော့ ကူးစက်ခံရတာပေါ့နော ငါ့တူကြီး”

“အမှန်ပဲ ဘကြီးရေ. အဲဒါအမှန်ပဲ”

“ဒါဆို တို့နွားတွေ နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်ရလေအောင် ကာကွယ်ရမယ့်နည်းလမ်းရှိရင်လည်း ပေးခဲ့စမ်း ပါဦးကွ”

ကျွန်တော့၏ ဘကြီးမှာ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်စိတ်၊ ကျွန်တော့အပေါ်အားကိုး ယုံကြည်စိတ်များဖြင့် မေးခွန်းများဆက်တိုက်မေးနေဖြစ်သည်။

“ဘကြီးနွားတွေကို ဒေါင့်သန်းရောဂါ ကာကွယ်ဆေးမထိုးဘူးလား”

“ဟေ…. ဒီရောဂါက ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရသလား”

“ရတာပေါ့ ဘကြီးရ”

“အေ.. အဲဒါဖြစ်မှာပေါ့ မနှစ်က ရွာထဲမှာတော့ လော်စပီကာကြီးနဲ့ ကြေညာမောင်းခတ်ပြီး ထိုးနေတာ ကြားမိတယ်။ ဒါပေမယ့် ဘကြီးတို့ကတော့ မိုးဦးကျ ထွန်ခါယက်ခါကြီး မအားတာနဲ့ မထိုးဖြစ်လိုက်ဘူး။ ရွာထဲကနွားတွေကတော့ ကာကွယ်ဆေးထိုးထားကြလို့ထင်တယ်။ ဘာရောဂါမှ ဖြစ်သံမကြားမိခဲ့ဘူး။”

ကျွန်တော်၏ ဘကြီးမှာ သူ့နွားတွေကို ကာကွယ်ဆေးမထိုးလိုက်ရလေခြင်းဟူသော နောင်တရစိတ် များ နှင့် မျက်နှာမှာ နွမ်းလျသွားရှာသည်။

“ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမယ်၊ ရောဂါဖြစ်လာခဲ့ရင် အခြားနွားတွေ လူတွေကို မကူးစက်အောင် ဘယ်လို စီမံဆောင်ရွက်ရမယ်ဆိုတာကို သေးစိတ်ရှင်းပြပါတော့ ငါ့တူကြီးရေ”

“ရောဂါ မဖြစ်အောင်ကတော့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်လုပ်တဲ့ ဒေါင့်သန်းရောဂါ ကာကွယ် ဆေးကို နွားရဲ့အသက် (၆) လသားက စပြီး နွားတွေအားလုံးကို ထိုးနှံရမယ်”

“တနှစ်ကို ဘယ်နှစ်ကြိမ်ထိုးနှံရမတုံးကွဲ့”

“တစ်နှစ်မှ တစ်ကြိမ်ပဲထိုးနှံရမှာမို့ အလုပ်လည်းမရှုပ်တော့ဘူးပေါ့၊ ဘကြီးနွားတွေမှာ သံသယဖြစ်ဖွယ် နာမကျန်း ဖြစ်လာရင် ကျန်းမာတဲ့ နွားတွေနဲ့အတူမရောစေဖို့ သီးခြားစီခွဲထားရမယ်၊ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနကို ဆက်သွယ်လိုက်ပါ၊  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဘကြီးတို့ ဆီကို ရောက်လာပြီး ရောဂါရှာဖွေအတည်ပြုဖို့ လိုအပ်တဲ့ရောဂါ နမူနာပစ္စည်းတွေ ကောက်ယူပြီး ဓာတ်ခွဲခန်းကို ပေးပို့လိမ့်မယ်။ အတူနေနွားတွေအပါအဝင် အနီးအနားပတ်ဝန်းကျင် ကျေးရွာတွေမှာရှိတဲ့ ကျွဲနွားတွေကိုကာကွယ် ဆေးထိုးမယ်၊ အခုလို ဒေါင့်သန်းရောဂါကြောင့် သေဆုံးတဲ့နွားတွေကို ချက်စားတာတွေ၊ ဝေငှ၊ ရောင်းချ တာတွေမလုပ်ရဘူး၊ ခြောက်ပေအနက် မြေကြီးကျွင်းတူးပြီး မြှုပ်ပစ်ရမယ် ဘကြီး”

“အေးအေး ငါ့တူကြီးက အခုလို စိတ်ရှည်လက်ရှည်ရှင်းပြတော့ ဘကြီးနားလည်သွားပါပြီကွာ။ အခုကစလို့ ငါ့နွားတွေကို အခုလိုရောဂါဆိုးကြီးမဝင်ရအောင် ဒေါင့်သန်းရောဂါကာကွယ်ဆေးကို ကြိုတင်ထိုးနှံပါတော့ မယ်”

“ဟုတ်ဟုတ်။ ကျွန်တော်လည်း သဘက်ခါပြန်ပြီမို့ တခါတည်းနှုတ်ဆက်ခဲ့ပါတယ် ဘကြီး”

ကျွန်တော်၏နှုတ်ဆက်သံကို ကြားရသောအခါ ဘကြီးထွန်း၏ဇနီးဒေါ်လေးဖွေးက ဒေသထွက် လက် ဆောင်ဖြစ်သော ထန်းလျက်နှင့် ပဲကြမ်းကြောထုပ်ကြီးကို ပိုက်လျက်သားထွက်လာတော့သည်။

“ငါ့တူလေး မောင်မျိုး….ဒေါ်လေးတို့ဒေသထွက်လေးကို လက်ဆောင်ပေးလိုက်ပါရစေ။ ကျန်းမာရေး လည်းဂရုစိုက်။ ရွာကိုလည်း မကြာမကြာလာလည်ပါနော်” ဟူ၍ နှုတ်ဆက်ရင်းလက်ဆောင်တွေကို ကမ်းပေး လိုက်ပါတော့သည်။ ကျွန်တော်လည်း ဒေါ်လေးဖွေးပေးသော လက်ဆောင်ပစ္စည်းများကို ပွေ့ပိုက်၍ ရွာဘက် ဆီသို့ ပြန်လာခဲ့တော့သည်။ ကျွန်တော်ပြန်လာတော့ သံဃာတော်များ နေ့ဆွမ်းဖုန်းပေးဖို့ ရွာဦးကျောင်းက ဆွမ်းစားမောင်းထိုးနေပါပြီ။ နောင်နှစ်တွေ အခွင့်ကြုံလို့ပြန်လာလျင်ဖြင့် ကျွန်တော်တို့ဇာတိတွင် ဒေါင့်သန်း ရောဂါဖြစ်ပွားမှုသတင်းကို ကြားရတော့မည် မဟုတ်ဟုလည်းမျှော်လင့်မိပါသည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

မိမိရပ်နေသော ပြည်တော်သာကန်ဘောင်ရိုးရှိ သစ်ပင်ကြီးများကြားမှ ဥဩငှက်၏ တွန်သံကြားကမှ ယခင် လွန်ခဲ့သော (၂) နှစ်ဆီမှ အတွေးစတို့ ရပ်သွားတော့သည်။

ယခုတစ်ခေါက် ဘကြီးထွန်းတို့ ယာတောကွင်းစပ်ထဲတွင် ခြံစည်းရိုးခတ်ထားသည့် စားကျက် စိုက်ခင်းထဲတွင် မြက်စားနေသော နွားပြာစိမ်းအုပ်ကြိီးကို တွေ့ခဲ့ရသည်မှာ အားရစရာပင်။ ဤသို့ဖြင့် ဘကြီးထွန်းတို့ နေထိုင်ရာတဲဘက်လှမ်းတက်လိုက်ရာ တဲတောင်ဘက် သရက်ပင်ရိပ်ရှိကွပ်ပြစ်ပေါ်တွင် မိန့်မိန့် ကြီးထိုင်နေသော ဘကြီးထွန်းနှင့် ဒေါ်လေးဖွေးတို့ ဇနီးမောင်နှံကို ကျန်းမာလျက်သားတွေ့ရသည်။ ကျွန်တေ်ာ့ကို မြင်လိုက် သောအခါ အားရဝမ်းသာဖြင့်

“လာဟေ့ ငါ့တူကြီးမောင်မျိုး၊ ဒီနှစ်လည်းအလည်ပြန်လာတာလား၊ အရင်တစ်ခေါက်လာပြီး မရောက်တာ (၂) နှစ်ကြာသွားပြီးနော်။”

“ဟာ ဘကြီးက အတိအကျကိုမှတ်ထားတာပဲ။ ဟုတ်ကဲ့ဘကြီး ကျနော်ရွာမရောက်တာ (၂) နှစ်ကြာ သွားပြီ” “ဒီတစ်ခေါက် လက်ဆောင်တွေများများပေးရဦးမယ်၊ ငါ့တူကြီးကျေးဇူးကြောင့် တို့မှာအရင်က နွားအကောင် (၂၀) ကောင်လောက်ကနေ အခု ၂ နှစ်အတွင်း ခိုင်းနွားတွေပါထည့်ပေါင်းရင် နွားအကောင် (၃၅) ကောင်ကျော် သွားပြီ ငါ့တူရေ”

ကျွန်တော်လည်းပြောပြောဆိုဆိုနှင့် ဘကြီးထွန်းတို့ ကွပ်ပြစ်ပေါ်ကို ဝင်ထိုင်လိုက်ရင်း ဘကြီးတို့အတွက် ယူလာသောလက်ဆောင်များကို ကမ်းပေးလျက်

“ဘကြီး ဟို ရွာထိပ်က ရိုးဖြတ်ထဲက နွားအုပ်က ဘယ်သူ့နွားအုပ်ကြီးလဲ”

“ဘကြီးနွားအုပ်ကြီးပေါ့ကွ၊ ငါ့တူကြီးရှင်းပြလို့ ဒေါင့်သန်းကာကွယ်ဆေးတွေ နှစ်စဉ်ထိုးတော့ ဟောအခု ဆို အဲဒီရောဂါဆိုးကြီးလည်းမရှိတော့ဘူး၊ မွေးသမျှအဖတ်တင်တော့ တစ်ကောင်မွေး၊ တစ်ကောင်ကြီးနဲ့ အခုဆိုရင် နွားအုပ်ပိုင်ကြီးဖြစ်နေပြီကွ”

ဤသို့ဖြင့် ဘကြီးထွန်းတို့မှာ ကျွန်တောရှင်းပြခဲ့သည့်အတိုင်း သူတို့နွားများကို ဒေါင့်သန်း ကာကွယ် ဆေးကို နှစ်စဉ်ပုံမှန်ထိုးနှံမှုကြောင့် နွားအသေအပျောက်မရှိဘဲ နွားအုပ်ကြီးဖြစ်နေမှုကို ဝမ်းသာပီတိဖြစ် နေ ရှာကြသည်။ ကျွန်တော့၏ ရွာအပြန်ခရီးသည်လည်း မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ အရွေ့တစ်ခုဆီသို့ ပြောင်းလဲတိုးတက်နိုင်ခဲ့သဖြင့် အဖိုးတန်သော အလည်တခေါက်ဖြစ်ခဲ့ ပါတော့သည်။

 

ဒေါက်တာအောင်ထွန်း (ခ) ကိုထွန်း(ရွှေဘို)

မွေး/ကု