Image: 

စားကျက်စိုက်ပျိုး ဝင်ငွေတိုး

မတ်လ 12, 2020

နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတိုင်းတွင် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန် မိမိနိုင်ငံ၏ ရာသီဉတုနှင့်ကိုက်ညီသော စားကျက်ခင်းများ ထူထောင်မွေးမြူကြ ပါသည်။ နွားမွေးမြူရေးသည် နှစ်ရှည်မွေးမြူရေးဖြစ်ခြင်း၊ ရင်းနှီးမြှပ်နှံမှု၏ (၇၀-၈၀) ရာခိုင်နှုန်းမှာ အစာကုန်ကျစရိတ်ဖြစ်ခြင်းကြောင့် စားကျက်စိုက်ပျိုးခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏နွားမွေးမြူရေးတွင် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ (အစာကြမ်း/အစာနု)ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပါသည်။ သို့သော် အစာကြမ်းအဖြစ် အသုံးပြုသော စိုက်ပျိုး ရေးဘေးထွက်ပစ္စည်းများ၏ အရည်အသွေးမပြည့်စုံခြင်းကြောင့် တိရစ္ဆာန်လိုအပ်ချက် ပြည့်မီ စေရန် အစာနု (ပဲဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲ၊ ဖွဲနု) စသည်များ ဖြည့်စွက် ကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားစေပါသည်။ အစာနုများကို ဝက်၊ ကြက်၊ ဘဲ မွေးမြူရေးတွင် အများဆုံးအသုံး ပြုကြသဖြင့် စျေးနှုန်းမြင့်မားလျက်ရှိပါသည်။

စိုက်ပျိုးတောင်သူများသည် ရာသီဉတုပြောင်းလဲလာခြင်းနှင့် အလုပ်သမားရှားပါးလာခြင်း တို့ကြောင့် လယ်ယာလုပ်ငန်း ရာသီအမီစိုက်ပျိုးနိုင်ရန် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဖော်ဆောင်လာသဖြင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်း အစာကြမ်း (ကောက်ရိုး၊ ပဲရိုး၊ ပြောင်းရိုး) စသည် ရရှိနိုင်မှုမှာ ယခင်ထက်လျော့နည်းလာခြင်းနှင့် အစာကြမ်းတန်ဖိုးမြင့်တက်ခြင်း များဖြစ်ပေါ်စေပါသည်။

နွားမွေးမြူရာတွင် နှစ်ရှည်မွေးမြူရေးဖြစ်ခြင်းနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်း စျေးနှုန်း မြင့်မားခြင်းတို့ကြောင့် အာဟာရပြည့်ဝကောင်းမွန်သော စားကျက်များကို မဖြစ်မနေစိုက်ပျိုး မွေးမြူနိုင်မှသာလျှင် အကျိုးအမြတ်ဖော်ဆောင်နိုင်ပြီး နွားမွေးမြူရေးရေရှည်ဖွံ့ဖြိုးတိုးတက်နိုင် မည်ဖြစ်ပါသည်။

စားကျက်စိုက်ပျိုးခြင်းတွင် သဘာဝစားကျက်နှင့် အဆင့်မြင့်စားကျက်ဟူ၍ရှိသည်။ သဘာဝ စားကျက်သည် သဘာဝအလျောက် ဒေသမြက်မျိုးများပေါက်ရောက်ပြီး ထွက်နှုန်းနည်းသည်။ စားကျက်ခင်းများကို ထွက်နှုန်းကောင်းပြီး အာဟာရကောင်းများ ပေးစွမ်းနိုင်သောအဆင့်မြင့် စားကျက်များအဖြစ် စိုက်ပျိုးမွေးမြူရန် လိုအပ်ပါသည်။

တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝစွာရရှိရန်၊ ထုတ်လုပ်မှုကောင်းစွာရရှိနိုင်ရန် စားကျက် စိုက်ပျိုးရပါမည်။ စားကျက်စိုက်ပျိုးမွေးမြူခြင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေပြီး ဝင်ငွေတိုးစေပါသည်။ ကမ္ဘာ့အသိမှတ်ပြု နို့စားနွားမွေးမြူရေး ထွန်းကားဆုံးနိုင်ငံဖြစ်သည့် နယူး ဇီလန်နိုင်ငံ၏ မွေးမြူရေးစနစ်သည် စားကျက်အခြေပြု လွှတ်ကျောင်းမွေးမြူသောစနစ်ဖြစ်သည်။ မြေအမျိုးအစားအလိုက် ရှင်သန်၍ ထွက်နှုန်းကောင်းသော စားကျက်ပင်များ စိုက်ပျိုးကြပါသည်။ နယူးဇီလန်၏ မွေးမြူရေးစနစ်သည် အစာ၏ကုန်ကျစရိတ်နည်းနိုင်သမျှနည်းအောင် တနည်း ဆိုသော် ထုတ်လုပ်မှုကုန်ကျစရိတ် အသက်သာဆုံးဖြစ်အောင် မွေးမြူကြပါသည်။

နယူးဇီလန်နိုင်ငံ၏ စားကျက်စိုက်ပျိုးရေးသည် ၎င်းတို့၏မြေအမျိုးအစား၊ ရာသီဉတုနှင့် ကိုက်ညီသော မြက်မျိုးကိုအဓိကစိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသော မြက်မျိုး၊ ပဲမျိုးမှာ (ခလိုဘာနှင့် ရိုင်းမြက်) ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မိမိမြေအမျိုးအစား ရာသီဉတုနှင့် မွေးမြူမည့်နည်းစနစ်ဖြင့် ကိုက်ညီမည့် စားကျက်ပင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ 

မြန်မာနိုင်ငံတွင် စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို (၁၉၇၇-၁၉၇၈) ခုဘဏ္ဍာနှစ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် စားကျက်ခင်းများ ထူထောင်ပြီး မွေးမြူတောင်သူများသို့ စားကျက်မျိုးစေ့နှင့် စားကျက်မြက်ခြောက်များကို ထုတ်လုပ်ဖြန့်ဖြူး၍ နွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအကူအညီဖြင့် (၂၀၁၄-၂၀၁၅) ခုဘဏ္ဍာနှစ်မှစ၍ မိမိနိုင်ငံနှင့် ကိုက်ညီ သောစားကျက်ခင်းများဖော်ဆောင်နိုင်ရန်ခေတ်မီစားကျက် မျိုးစေ့များတင်သွင်း၍ မွေးမြူသူများသို့ ဖြန့်ဖြူးပြီး မွေးမြူရေးဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၄ ခုနှစ် တင်သွင်းစိုက်ပျိုးခဲ့သော မြက်မျိုး/ပဲမျိုးများမှာ အပူဒဏ်ခံပြီး မိုးရေချိန် အနည်း ငယ်ဖြင့် ရှင်သန်၍ အဟာရကောင်းသော Rhodes grass, Buffel grass, Mulato II grass, Mombasa grass Gatton panic grass, Bambasi Panic, Paspalum grass နှင့် Stylo ပဲမျိုး Desmenthus, Leucaena, Centurion centro, Aztec actor, Glycine, Desmodium, butter fly pea, Wynn cassia, Arachid pentoi များကို မွေးမြူတောင်သူများသို့ ဖြန့်ဖြူးစိုက်ပျိုးခဲ့ပါသည်။

ဒေသအလိုက် စားကျက်မြက်မျိုးနှင့် ပဲမျိုးများကို တွဲဖက်စိုက်ပျိုးရာ၌ ဆားဆန်သော မြေများတွင် Bambasi panic grass နှင့် Desmenthus, Leucaena ပဲမျိုးများကို စိုက်ပျိုး နိုင်ပါသည်။ ရေဝပ်သောမြေများတွင် Splenta setaria  grass Paspalum  grass နှင့် Calvalcate, Jointvetch ပဲမျိုးများကို ရောနှောစိုက်ပျိုးနိုင်ပါသည်။ ကုန်းမြင့်ဒေသများတွင် Rhodes grass, Buffel grass, Mulato II grass, Mombaca grass Gatton panic grass နှင့် Stylo ပဲမျိုး၊ Desmodium ပဲမျိုးများကို ရောနှောစိုက်ပျိုးနိုင်ပါသည်။ ပေါင်းမြက်ထူသောမြေအမျိုးအစားများ တွင် ပေါင်းမြက်များကို လွှမ်းမိုးရှင်သန်နိုင်သော Glycine, Butterfly bean စသည့် စားကျက်ပဲမျိုး များကို ရောနှောစိုက်ပျိုး နိုင်ပါသည်။ Gliricidiasepium နှင့် leucaena ပဲမျိုးနွယ် အပင်ကြီးများ ကိုလည်း ခြံစည်းရိုးတွင် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုး ကျွေးမွေးနိုင်ပါသည်။ စားကျက်မြက်များနှင့် စားကျက်ပဲမျိုးများကို ရောနှောစိုက်ပျိုးခြင်းဖြင့် အစာနုလျော့ချနိုင်သည့် အပြင် စားကျက်မြက်များ၏ ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေပါသည်။

မြန်မာနိုင်ငံရှိ နွေ၊မိုး၊ဆောင်းရာသီဉတု(၃) မျိုးတွင်စိုက်ပျိုးခဲ့သော မြက်များသည် မိုးရာသီ နှင့် နွေရာသီ (ရေပေးနိုင်သောနေရာများ) များတွင် ဖြစ်ထွန်းနှုန်းကောင်းသော်လည်း အပူပိုင်း မြက်မျိုးများဖြစ်ခြင်းကြောင့် ဆောင်းရာသီတွင် ထွက်နှုန်းနည်းပါသည်။ ထိုသို့ ဆောင်းရာသီတွင် ထွက်နှုန်းကောင်းပြီး အအေးခံနိုင်သော ရာသီသီးနှံ ဂျုံမြက် (Forage Oats)၊ ပြောင်း (Forage sorghum)၊ ဆပ်/လူး(Millet) စသည်တို့ကို မွေးမြူသူများအနေဖြင့် အစာလို အပ်ချက်နှင့် ရာသီ အလိုက် စိုက်ပျိုးပြီး ပိုလျှံသည်များကို ချဉ်ဖတ်ပြုလုပ် မွေးမြူရန် လည်းလို အပ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံရှိ (၃) ရာသီ၏ အခက်အခဲကို အစားထိုးကျော်ဖြတ်နိုင်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ထုတ်လုပ်နိုင်စွမ်းကို ထိန်းထားနိုင်ပြီး အကျိုးအမြတ်များစေမည် ဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံ၏ မွေးမြူရေးစနစ်သည် နွားများ၏ အာဟာရလိုအပ်ချက် ပြည့်မီ အောင် ရရှိနိုင်သော စားကျက်ခင်းများ စိုက်ပျိုးပြီး စားကျက်တွင် လွှတ်ကျောင်းမွေးမြူသည့် စနစ်ဖြစ် သည်။ အကယ်၍ ရိတ်ကျွေးစနစ် အသုံးပြုလျှင် လုပ်အားခ ကုန်ကျစရိတ် ပိုမိုကုန် ကျမည်ဖြစ် ပါသည်။ အာဟာရလိုအပ်ချက် မပြည့်စုံလျှင်လည်း အစာနုဖြည့်စွက်စာ ကျွေးမွေးရသောကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာမည်ဖြစ်သည်။ ထိုသို့ ရိတ်သိမ်းစရိတ် နှင့် အစာနုစရိတ်များ လျှော့ချနိုင်ခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ်များပြီး ဖွံ့ဖြိုး တိုးတက်သော မွေးမြူရေးကို ဖော်ဆောင်နိုင်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင်မွေးမြူသူ နွားကောင်ရေ(-)ခန့်၊နွားကောင်ရေ(-၂၀) ခန့်၊ အကြီးစားမွေးမြူသူသည် (၂၀-၃၀၀) ခန့် မွေးမြူကြသည်။ မွေးမြူရေးလုပ်ငန်း အများစုမှာ တစ်ပိုင်တစ်နိုင်မွေးမြူသူများ ဖြစ်ကြသည်။ မွေးမြူသူများသည် အစာနုများ၊ စိုက်ပျိုးရေး ဘေး ထွက်များနှင့် ဒေသမြက်များကို ရာသီအလိုက် အစာကြမ်းများရရှိသည့် အပေါ်မူတည်၍ မွေးမြူ ကြပါသည်။ အစာနုစျေးနှုန်း တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာခြင်းနှင့် အစာကြမ်း အရည်အသွေး ပြည့်စုံခြင်းမရှိသည့်အတွက် အစာနုဖြည့်စွက် ကျွေးမွေးရသဖြင့် မွေးမြူသူများထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားပြီး အကျိုးအမြတ်နည်းသော မွေးမြူရေးဖြင့်သာ ရင်ဆိုင်နေရဆဲဖြစ်ပါသည်။

နို့စားနွားမများမှာ အာဟာရပြည့်ဝစွာ မရရှိခြင်းကြောင့် ထုတ်လုပ်မှုနည်းခြင်းနှင့် ဇီးရ သားမွေးနောက်ကျခြင်းဖြင့် ရင်ဆိုင်ရသည်။ တစ်သားနှင့်တစ်သား မွေးဖွားရန်ကွာဝေးခြင်းကြောင့် အစာကျွေးရသည့် ကုန်ကျစရိတ်၊ ထိန်းသိမ်းရသည့် ကုန်ကျစရိတ် မြင့်မားစေပါ သည်။ ထို့ကြောင့် နွားမွေးသူတောင်သူများသည်ဂျာအေးသူ့မေရိုက်ဖြစ်နေ ကြရသည်။

နွားမွေးမြူသူများအနေဖြင့် သမရိုးကျမွေးမြူသည့် အလေ့အထမှ အကျိုးအမြတ်များ သော မွေးမြူရေးစနစ်သို့ ပြောင်းလဲမွေးမြူရန် လိုအပ်လာသည်ဟု သုံးသပ်ရပါသည်။ နယူးဇီ လန်နိုင်ငံ၏ မွေးမြူရေးကဲ့သို့ လွှတ်ကျောင်းမွေးမြူခြင်းစနစ်အား ပုံတူကူးချရန် မဟုတ်ပေ။ မြေအနည်းငယ် ပိုင်ဆိုင်သော နွားမွေးသူများသည် ရိတ်သိမ်းစနစ်အသုံးပြုခြင်း၊ လုံလောက်သောမြေပိုင်ဆိုင်မှု ရှိသူများသည် လွှတ်ကျောင်းစနစ်စသည်ဖြင့်မွေးမြူနိုင်ပါသည်။ ၎င်းအပြင် ကျွဲ၊ နွား အစားအစာ စိုက်ပျိုးရောင်းချသော တောင်သူများလည်း လိုအပ်လာမည်ဖြစ်ပါသည်။ သို့မှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်သက်သာပြီး အဟာရပြည့်ဝသော အစားအစာများ ကျွေးမွေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ စိုက်ပျိုးသူနှင့်မွေးမြူသူ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် မွေးမြူစိုက်ပျိုးရေးစနှစ်များ ထူထောင် နိုင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာ၌ နွားမွေးမြူရေးမှာလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါသည်။

ရိတ်သိမ်းစနစ်၊ လွှတ်ကျောင်းစနစ် ကွဲပြားမွေးမြူသည်နှင့်အမျှ စိုက်ပျိုးရမည့် စားကျက် အမျိုးအစားများသည်လည်း ကွဲပြားလာမည်ဖြစ်သည်။ ဉပမာ နေပီယာမြက်၊ မွန်ဘားစားမြက်၊ စီတေးရီးယားမြက်စသည့်  စားကျက်ပင်များသည် ရိတ်ကျွေးသောစနစ် ဖြင့်သင့်တော်ပါသည်။ ထိုစားကျက်များကို လွှတ်ကျောင်းစားကျက်၌ အသုံးပြုလျှင် ကြာရှည်ရှင်သန်နိုင်မည်မဟုတ်ပေ။ ရို့မြက်၊ ဘာဖာမြက်၊ မူလာတိုမြက်နှင့် စတိုင်လိုပဲမျိုး နွယ်များကို လွှတ်ကျောင်းစားကျက်တွင် အလွန်သင့်တော်ပြီး အာဟာရပြည့်သော စားကျက်ပင်များ ဖြစ်ကြသည်။

စားကျက်မြက်များ နွားစာအဖြစ် စိုက်ပျိုးမွေးမြူရာတွင် စားကျက်မြက်များ၏ အသက် အရွယ်လိုက် အာဟာရတန်ဖိုး၊ ရရှိနိုင်မည့် ပမာဏများနှင့် ကျွေးမွေးရမည့် ပမာဏများကို သိရှိရန် လိုအပ်ပါသည်။ ထိုအချက်များသည် စားကျက်ပင်၏အသက်နှင့် အမျိုးအစားကွဲပြားသည်နှင့် အဟာရတန်ဖိုးများ ခြားနားမည်ဖြစ်ပါသည်။

သို့ပါသောကြောင့် နွာမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် စားကျက်မျိုးများကို ဒေသအ လိုက်၊ စိုက်ပျိုးမြေအမျိုးအစားအလိုက် အာဟာရတန်ဖိုး ကွာခြားချက်များ၊ ထွက်နှုန်းများကို မှတ်တမ်း တင်မှု များပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ရရှိလာသော အချက်လက်များကို အခြေပြု၍ အစာနုကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားသော မွေးမြူမှုစနစ်မှ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သောသော စားကျက်စိုက်ပျိုး မွေးမြူမှုစနစ်ဖြင့် မြန်မာနိုင်ငံ၏ နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စိုက်ပျိုးလျက်ရှိသော စားကျက်မျိုးများကို ပူးတွဲဖော်ပြလျက် စားကျက်စိုက်ပျိုးဝင်ငွေတိုး”  စေလိုပါကြောင်း တင်ပြအပ်ပါသည်။