ခွာနာလျှာနာရောဂါပိုးနှင့် ပတ်သက်သော စမ်းသပ်ရှာဖွေခြင်းဆိုင်ရာ နည်းပညာများအကြောင်း

မတ်လ 23, 2020

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအဓိကထားဆောင်ရွက်လျက်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်း၏ အခန်းကဏ္ဍ ဖွွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံတော် ၏ စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးပြုလျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတတ်လာခြင်းကြောင့် တောင်သူလယ်သမားများအနေဖြင့် စားဝတ်နေရေး ဖူလုံခြင်းနှင့် အပိုဝင်ငွေများရရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိပါသည်။  စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စက်မှုလယ်ယာအဖြစ်ဖော်ဆောင်လျှက်ရှိသော်လည်း ကျွဲနွားများအသုံးပြု၍ မိရိုးဖလာ စိုက်ပျိုးခြင်းနည်းကို ယနေ့တိုင် အသုံးပြုနေဆဲဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေး တိုးတတ်လာသည်နှင့်အမျှ တိရစ္ဆာန်များ၏ ကျန်းမာရေးသည်လည်း အရေး ကြီးသော အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် တိရစ္ဆာန်များတွင် ဖြစ်ပွားလျက် ရှိသော ရောဂါများအားထိန်းချုပ်ပြီး ရောဂါပပျောက်နိုင်ရေးသည်လည်း သက်ဆိုင်ရာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ မြန်မာ နိုင်ငံရှိ အဓိကကျွဲနွားများတွင် ဖြစ်ပွားလျှက်ရှိသော ခွာနာလျှာနာရောဂါပိုးသည် ခွာကွဲတိရစ္ဆာန်များ အချင်းချင်း အပြန်အလှန်ကူးစက်ပြန့်ပွားနိုင်ပြီး တောင်သူ လယ်သမားများ၏ စီးပွားရေးကိုလည်း ထိခိုက်ကျဆင်းစေနိုင်ပါသည်။

ခွာနာလျှာနာရောဂါပိုးနှင့်ပတ်သက်၍ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ရောဂါလက္ခဏာ များကို စမ်းသပ်ရှာဖွေခြင်းဆိုင်ရာနည်းပညာနှင့် ခေတ်မီဓါတ်ခွဲခြင်းနည်းပညာများကို ဗဟုသုတ အဖြစ် ဖော်ပြလိုပါသည်။ ခွာနာလျှာနာရောဂါပိုးတွင် သွေးခဲရည်ကြည်အမျိုးအစား (Serotype) (၇) မျိုးရှိပါသည်။ ၎င်းတို့မှာ  O, A, C, Asia  1, South African Teritorries (SAT 1,2,3) တို့ဖြစ်ပါသည်။ ခွာနာလျှာနာရောဂါဖြစ်ပွားသော မြို့နယ်များတွင် ခွာနာလျှာနာရောဂါပိုးဖြစ်သည့် Non-Structural Protein ပဋိပစ္စည်း (antibody)  ရှိ/မရှိကို သိရှိနိုင်ရန် နမူနာပစ္စည်းသွေးရည်ကြည်ကို စမ်းသပ်ခွဲခြားစိတ်ဖြာ၍ စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။ နှစ်စဉ်ရောဂါဖြစ်ပွားလေ့ရှိသော အခြေအနေ (Endemic Situation) များတွင် Non-structural Protein (NSP) စစ်ဆေးမှုသည် တိရစ္ဆာန်မွေးမြူရေးတွင် ကူးစက်ပြန့်ပွားမှု ရှိ/မရှိကို အချိန်ကာလတစ်ခုအတွင်း စောင့်ကြည့် စစ်ဆေး အကဲဖြတ်ပေးနိုင်သည့်အပြင် ကူးစက်ပြန့်ပွားမှုတွေ့ရှိလျင် အလျှင်အမြန်ထိန်းချုပ် နိုင်မည်ဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ လေ့လာဆည်းပူးခဲ့သော နည်းပညာများသည် ကာကွယ် ဆေးထိုးစီမံကိန်းများအတွက် အထောက်အကူပြုနိုင်ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးသော မြို့နယ်များရှိ ကျွဲနွားများတွင် ကာကွယ်ဆေးအာနိသင်၏ ခုခံနိုင်စွမ်းအား  ရှိ/မရှိကိုလဲ စစ်ဆေးဆုံးဖြတ် နိုင်သည်။

အရှေ့တောင်အာရှတွင် အဖြစ်အများဆုံးသော  ခွာနာလျှာနာပိုးအမျိုးအစားမှာ O, A, Asia 1 ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူသည် ပထမဦးဆုံးဖြစ်သော Enzyme-linked Immunosorbent Assay (ELISA) နည်းပညာကိုအသုံးပြု၍ ခွာနာလျှာနာရောဂါပိုးအမျိုးအစားနှင့် ကာကွယ်ဆေး ထိုးပြီး ကာကွယ်ဆေး၏အကျိုးအာနိသင်ကို လေ့လာစမ်းသပ်ပြီးသည့်နောက်တွင် ခွာနာလျှာနာပိုး၏ အမျိုးအစားဗီဇကို တိတိကျကျသိရှိနိုင်ရန် နောက်ဆုံးနည်းပညာဖြစ်သော Polymerase Chain Reaction (PCR) test ကို လေ့လာခဲ့ပါသည်။ PCR နည်းပညာဖြင့် ခွာနာလျှာနာပိုးဗီဇကို တိကျရှင်းလင်းစွာရှာဖွေနိုင်ပြီး ဗီဇတစ်ခု နှင့် တစ်ခုပြောင်းလဲသွားသော nucleotide sequencing များကို သိရှိနိုင်ပါသည်။ ဆက်လက်၍ ၎င်းနည်းပညာ၏ အကျိုးကျေးဇူးကြောင့် ခွာနာလျှာနာ ရောဂါဖြစ်ပွားခဲ့သော မြို့နယ်များတွင် ဗိုင်းရပ်စ်ပိုး၏ဗီဇကို အလျှင်အမြန်သိရှိနိုင်ပြီး ကာကွယ် ဆေးထိုး program များအတွက်လည်း 80% ထိ ကာကွယ်နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ဥပမာအနေဖြင့် ခွာနာလျှာနာရောဂါဖြစ်ပွားနေသော မြို့နယ်တစ်ခုတွင် ကူးစက်ရောဂါ ဖြစ်ခဲ့လျင်လက်ရှိနေသော ခွာနာလျှာနာပိုးနှင့် အသစ်အဆန်းဖြစ်ပေါ်လာသော ကူးစက်ရောဂါ ခွာနာလျှာနာပိုးတို့၏ ဗီဇကိုက်ညီမှု ရှိ/မရှိ ကိုလည်းသိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သော ခွာနာလျှာနာရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်မှု ပိုမိုထိရောက်တိုးတက်လာမည် ဖြစ်ပါသည်။ ထိုအပြင် ရောဂါဖြစ်ပွားမှုလျော့ချရေး၊ ရောဂါဖြစ်ပွားလျင် အလျှင်အမြန် ထိန်းချုပ် နိုင်ရေးနှင့် တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ လျော့ပါးလာရေးစသည့် အကျိုး ကျေးဇူးများကိုလည်းရရှိပါသည်။ လေ့လာတွေ့ရှိချက်များအရ ဤနည်းပညာများသည် စာရေးသူ တာဝန်ထမ်းဆောင်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် စီမံဆောင်ရွက်လျက်ရှိသော နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါများ၏ အကျိုးသက်ရောက်မှုရှိခြင်းနှင့် တိရစ္ဆာန်ကုန်သွယ်မှု အတွက်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးစက်ရောဂါပိုး ကင်းရှင်းစွာရောင်းဝယ်ပို့ဆောင်နိုင်၍ နိုင်ငံ၏အကျိုးစီးပွားများကိုလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူ သူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများမှ အပိုဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝ မြင့်မား နိုင်မည့်အပြင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း လေ့လာသုံးသပ်ရေးသား လိုက်ရပါသည်။

ဒေါက်တာသီရိဆွေ

လက်ထောက်သုတေသန -၂

Reference;

OIE Reference Laboratory for Foot and Mouth Disease

စာရေးသူ၏ ထိုင်းနိုင်ငံ၊ ပတ်ချောင်းမြို့ခွာနာလျှာနာရောဂါရှာဖွေရေးဆိုင်ရာ သင်တန်းအတွေ့အကြုံ (၂၀၁၉)