ခွာနာလျှာနာရောဂါနှင့် တိရစ္ဆာန်ကျန်းမာရေးအကြောင်းသိကောင်းစရာ

မတ်လ 23, 2020

ခွာနာလျှာနာရောဂါ (Foot and Mouth Disease) သည် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များနှင့် အခြားသော ခွာကွဲသတ္တဝါများတွင်ဖြစ်သော ရောဂါဖြစ်သည်။ မြန်မာနိုင်ငံရှိ မွေးမြူထားရှိသော တိရစ္ဆာန်များအနက် ကျွဲ၊ နွားများတွင် အဖြစ်များသော ရောဂါဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ခွာနာ လျှာနာပိုးအမျိုးအစားများ (O, A, C, Asia 1, SAT-1, SAT-2, SAT-3) ဟူ၍ (၇)မျိုးရှိပါသည်။ မိမိနိုင်ငံတွင်ဖြစ်ပွားသော ခွာနာလျှာနာပိုးအမျိုးအစားအလိုက် ကာကွယ်ဆေးကြိုတင်ထိုးရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံ၌ ‘အို’ အမျိုးအစားမှာ အများဆုံးဖြစ်ပွားသော ခွာနာလျှာနာရောဂါပိုး အမျိုး အစားဖြစ်ပါသည်။ (A, Asia 1) အမျိုးအစားများကိုလည်း ရံဖန်ရံခါ တွေ့ရှိရတတ်ပါသည်။

ခွာနာလျှာနာရောဂါပိုးသည် မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ်အလိုက် နှစ်စဉ်ဖြစ်ပွားလေ့ ရှိသောရောဂါပိုးဖြစ်ပါသည်။ သို့သော် လူသို့ကူးစက်နိုင်သောရောဂါမဟုတ်ပါ။ နွေရာသီတွင် ပူပြင်း ခြောက်သွေ့သောကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းနည်းပါသည်။ မိုးရာသီတွင် စိုစွတ်မှုများ သောကြောင့် ရောဂါဖြစ်ပွားမှုများပြားသည်။ ခွာနာလျှာနာရောဂါကို ယခင်ကပင် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း နှစ်စဉ်နှစ်တိုင်းဖြစ်ပွားလျက်ရှိနေဆဲဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ ခွာနာလျှာနာရောဂါပိုး အမျိုးအစား တစ်မျိုးနှင့်တစ်မျိုး ဆက်စပ်မှု (Antigenic Relationship) လုံးဝ မရှိပါ။ ဉပမာအားဖြင့် (A) ပိုးအမျိုးအစားဖြင့် ခွာနာလျှာနာ ဖြစ်ထား၍ ပျောက်ကင်းပြီးသော တိရစ္ဆာန်များတွင် အခြားအမျိုးအစားတစ်မျိုးမျိုးဖြင့် နောက်ထပ်ခွာနာလျှာနာရောဂါ ထပ်မံ ဝင်ရောက်နိုင်သည်။ ရောဂါဖြစ်ပွားပါက ပျောက်ကင်းရန် ကြာတတ်ပြီး ရောဂါဒဏ်ကို ပြင်းပြင်း ထန်ထန်ခံစားရတတ်သည်။ ထို့ကြောင့် ခွာနာလျှာနာရောဂါကို ‘က’ စာရင်းဝင်ရောဂါအဖြစ် သတ်မှတ်ထားပါသည်။ ‘က’ စာရင်းဝင်ရောဂါသည် အမြန်သတင်းပေးပို့ တိုင်ကြားရမည့် ရောဂါများ ဖြစ်သည်။ ‘က’ စာရင်းဝင်ရောဂါဟု သံသယဖြစ်သည်နှင့်တပြိုင်နက် တိရစ္ဆာန်ပိုင်ရှင်ကသော် လည်းကောင်း၊ လက်ဝယ်ရှိသူကသော်လည်းကောင်း သတင်းပေးပို့ရမည်ဖြစ်သည်။ အမြန်ဆုံး သတင်းပေးပို့မှသာလျင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ‘က’ စာရင်းဝင် ရောဂါအဖြစ် သတ်မှတ်ထားပါသည်။

ရောဂါလက္ခဏာများအနေဖြင့် ကိုယ်အပူချိန်တက်ခြင်း၊ အစာမစားခြင်း၊ သွားရည်များကျခြင်း၊ ခြေထောက်နာခြင်း၊ ပါးစပ်၊ ခြေထောက်၊ ခွာကွဲကြောင်းများနှင့် ခြေဖဝါးများတွင် အရည်ကြည်ဖုများ ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ ရောဂါဖြစ်ပွားခြင်းကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်စေခိုင်း ရာတွင် အမောမခံနိုင်ခြင်း၊ နှောင့်နှေးခြင်း၊ နွားငယ်များသေဆုံးခြင်း၊ သားအောင်နှုန်းကျခြင်း၊ ကြီးထွားနှုန်းကျခြင်း၊ သားလျှောခြင်း၊ နို့ထွက်နှုန်းလျော့ခြင်းများဖြစ်ပွားစေပြီး စီးပွားရေးအရနစ်နာ ဆုံးရှုံးစေပါသည်။ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များ၏ တံတွေး၊ နှာရည်၊ သွေး၊ အနာဖေး၊ နို့ရည် များမှတဆင့် ရောဂါကူးစပ်ပြန့်နှံ့နိုင်ပါသည်။ အသက်ရှူသည့်လေမှလည်း ရောဂါပိုးရှိပါက ကူးစက် နိုင်ပါသည်။ ရောဂါပိုးပါရှိသော စမြုန့်ပြန်ဖတ်များ၊ တိရစ္ဆာန်အညစ်အကြေးများ၊ ကောက်ရိုး၊ အသုံးအဆောင်ပစ္စည်းများမှတဆင့်လည်း ရောဂါကူးစက်နိုင်ပါသည်။ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များကို တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ စားကျက်အတူတူ ထားရှိခြင်းမှလည်း ကူးစက်နိုင်ပါသည်။ ကူးစက်မှုနှုန်းမြန်ဆန်သော်လည်း အသက်ကြီးသော တိရစ္ဆာန်များတွင် သေဆုံးမှုနည်းပါသည်။ ငယ်ရွယ်သောတိရစ္ဆာန်များတွင် ပိုမိုဖြစ်ပွားပြီး သေဆုံးမှုနှုန်း များပါသည်။

ခွာနာလျှာနာရောဂါဖြစ်သည်ဟု သံသယရှိသည်နှင့်တပြိုင်နက် အခြားတိရစ္ဆာန်များနှင့် ခွဲထား သင့်ပါသည်။ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူခြင်းများ မပြုလုပ်သင့်ပေ။ ဇီဝလုံခြုံမှုကို သေသေချာချာ ဆောင်ရွက်သင့်ပါသည်။ ကျန်းမာနေသောတိရစ္ဆာန်များကိုလည်း ကာကွယ်ဆေး ပုံမှန်ထိုးပေးသင့်ပါသည်။ ဖြစ်ပွားလေ့ရှိသော ခွာနာလျှာနာရောဂါပိုး အမျိုးအစားအလိုက် ကာကွယ်ဆေးထိုးနှံခြင်းမှာ အထိရောက်ဆုံးဖြစ်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၌ တိရစ္ဆာန်မွေးမြူရေးနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများသည် အခြားကဏ္ဍများထက် အဘက်ဘက်မှ အားနည်းနေပါသေးသည်။ ရောဂါတစ်ခုဖြစ်ပွားပါက သက်ဆိုင်ရာဓာတ်ခွဲခန်းများသို့ ရောဂါနမူနာပစ္စည်းများ ပေးပို့ရမည် ဟူသော အသိရှိစေရန် အခါအားလျော်စွာ ကြိုတင်နှိုးဆော်ပေးသင့်ပါသည်။ ပေးပို့လာသော ရောဂါနမူနာပစ္စည်းများကို စစ်ဆေးရန် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့် စက်ပစ္စည်းများ၊ ရောဂါ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာ ခေတ်မီနည်းပညာများ၊ မြန်ဆန်တိကျသော ရောဂါအမည် သတ်မှတ် ခြင်းဆိုင်ရာ နည်းလမ်းများကို မဖြစ်မနေလိုအပ်ပါသည်။

ခွာနာလျှာနာရောဂါအမည် သတ်မှတ်ခြင်းဆိုင်ရာ နည်းလမ်းအနည်းငယ်ကို ဖော်ပြချင် ပါသည်။ ရောဂါနမူနာပစ္စည်းများအနေဖြင့် ခွာနာလျှာနာရောဂါဖြစ်ပွားသည်ဟု သံသယရှိသော တိရစ္ဆာန်များ၏ လျှာအနာဖေးများ၊ သွားရည်များ၊ အစာရည်ပြွန်အရည်များ၊ ခွာအနာဖေးများ၊ သွေးရည်ကြည် နမူနာများကို ယူဆောင်စစ်ဆေးစမ်းသပ်နိုင်ပါသည်။ ခွာနာလျှာနာရောဂါ ဖြစ်ပွား သည်ဟု သံသယရှိသော တိရစ္ဆာန်မှရယူလာသော သွေးရည်ကြည်နမူနာများကို NSP ELISA (Non-Structural Protein ELISA) နည်းဖြင့် ရောဂါရှိမရှိ ခွဲခြားစစ်ဆေးနိုင်ပါသည်။ အသုံးပြုသော စက်ပစ္စည်းနှင့် နည်းပညာအမျိုးအစားအပေါ်မူတည်၍ စစ်ဆေးစမ်းသပ်သည့်အချိန်မှာ (၁)ရက်မှ (၂)ရက်အထိရှိပါသည်။ NSP ELISAသည် ခွာနာလျှာနာရောဂါရှိသောတိရစ္ဆာန်၏ ရောဂါကိုခုခံနိုင်သော ပဋိပစ္စည်း (Antibodies) ကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ SP ELISA (Structural Protein ELISA) နည်းဖြင့် သွေးရည်ကြည် နမူနာပစ္စည်းများကိုအသုံးပြု၍ ခွာနာလျှာနာပိုး အမျိုးအစား တစ်မျိုးချင်း စီအလိုက် ခွဲခြားစမ်းသပ်နိုင်သည်။ လျှာအနာဖေးများ၊ သွားရည်များ၊ ခွာအနာဖေးများ၊ အစာ ရည်ပြွန်အရည်များကို reversed transcriptase-Polymerase Chain Reaction နည်းဖြင့် ရောဂါပိုး အမျိုးအစားများကို ခွဲခြားစစ်ဆေးစမ်းသပ်နိုင်ပါသည်။ Polymerase Chain Reaction (PCR) နည်းများသည် ခွာနာလျှာနာရောဂါရှိသောတိရစ္ဆာန်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသော ရောဂါပိုး (Antigen) ကိုရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခွာနာလျှာနာရောဂါဖြစ်ပွားမှု အခြေအနေများသည် နယ်မြေကွာခြား ချက်ပေါ်မူတည်၍ တစ်နှစ်တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ် သော်လည်းကောင်း ပြန်လည်ပေါ်ပေါက်တတ်သောရောဂါဖြစ်ပါသည်။ ထို့ကြောင့် ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေးကိုတောင်သူလယ်သမားများအနေဖြင့်သတ်မှတ်ချိန်၌ ထိုးနှံသင့်ပါသည်။ နွားများကို ပြင်ပမှဝယ်ယူမည်ဆိုပါကလည်း မဝယ်ယူမီ ကာကွယ်ဆေးစနစ်တကျ ထိုးနှံခြင်းရှိမရှိ စစ်ဆေးပြီးမှသာ ရောင်းဝယ်သင့်ပါသည်။ ခွာနာလျှာနာရောဂါကြောင့် စိုက်ပျိုးရာသီများ၌ ထွန်ယက် လုပ်ငန်းများမှာ ကျွဲ၊ နွားများ၏ ခိုင်းနိုင်စွမ်းအားတွင် သိသိသာသာ ယုတ်လျော့ဆုံးရှုံးရသည်ကို တောင်သူများအနေဖြင့် ကောင်းစွာသိရှိနားလည် သဘောပေါက်ရန်လိုအပ်ပါသည်။ နို့စားနွားများ၊ အသားစားနွားများတွင်လည်း နို့ထွက်နှုန်း၊ အသားထွက်နှုန်းများကျဆင်းပြီး ထုတ်လုပ်မှုစွမ်းအားမှာ သိသိသာသာ လျော့နည်းစေပါသည်။ ထိုကဲ့သို့ ကျေးရွာမြို့နယ်များမှစ၍ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် တစ်နိုင်ငံလုံး၌ ရာသီအမျိုးမျိုးတွင် နှစ်စဉ်စီးပွားရေးဆုံးရှုံးမှုများမှာ လွန်စွာများပြားလှပါ သည်။ သို့ဖြစ်ပါ၍ မွေးမြူသူများအနေဖြင့် ရောဂါဖြစ်ပွားမှ ဆေးကုသခြင်းထက် ရောဂါမဖြစ်ပွားမီ ကပင် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါကြောင်း တိုက်တွန်းရေးသားတင်ပြအပ်ပါသည်။

 

                                                                                                                                                                           ဒေါက်တာဆုလှိုင်ဖြိုး

                                                                                                                                                                           သုတေသနလက်ထောက်-၂