ကိုယ်ပိုင်မိခင်မျိုးရိုးဗီဇစစ်စစ် ပိုင်ဆိုင်သော၊ နိုင်ငံတော်အတွက် အရေးပါသော မြန်မာ့နွားမျိုးများ

မတ်လ 3, 2020

၁။      နွားမျိုးများ၏မျိုးရိုးဆင်းသက်လာမှုရာဇဝင်

          နွားမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၂.၅ သန်းကျော်၊ ကျောက်ခေတ်ဉီး (Palaeolithic age) ကာလတွင် တည်ရှိခဲ့သော အော်ရိုချ် (Auroch) ခေါ် နွားရိုင်းများမှ ဆင်းသက်လာပြီး တဖြည်းဖြည်းနှင့် ယဉ်ပါးလာကြကာ အိမ်မွေးနွားမျိုးများ (Domestic Cattle)အဖြစ် ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုကြသည်ဟု မျိုးရိုးဗီဇ သုတေသနပညာရှင်များက လေ့လာ ရှာဖွေဖေါ်ထုတ်ခဲ့ကြပါသည်။ အိမ်မွေးနွားမျိုးများ (Domestic Cattle)တွင် သမပိုင်းဒေသတွင် ကောင်းစွာရှင်သန်နိုင်သောနွားမျိုး (Bos taurus)နှင့် အပူပိုင်း ဒေသတွင် ကောင်းစွာရှင်သန်နိုင်သောနွားမျိုး (Bos indicus) ဟူ၍ (၂)မျိုးရှိပါသည်။ အိမ်မွေး နွားမျိုးများကို နို့စားနွား၊ အသားစားနွား၊ ခိုင်းနွား စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မွေးမြူ ကြပါသည်။ ၂၀၁၈ခုနစ်တွင် ကမ္ဘာပေါ်တွင် နွားကောင်ရေ စုစုပေါင်း ၁.၀၀၂ ဘီလီယံ မွေးမြူလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် အေဒီ ၄၂၀ တွင် သုံးစွဲခဲ့သော ကင်းမီးကောက်-သီရိဝစ္ဆ ကောက်ကြောင်းဒင်္ဂါးတွင်လည်းကောင်း၊ အေဒီ ၄၅၄ တွင် သုံးစွဲခဲ့သော ဒေဝစနြ္ဒဒင်္ဂါးတွင် လည်းကောင်း နွားလားဉဿဘပုံများကို အမြတ်တနိုးရိုက်နှိပ်၍ ထည့်သွင်းအသုံးပြုခဲ့ကြပါသည်။ ထို့အပြင် ပုဂံခေတ်တွင်  “လယ်ထွန်မင်္ဂလာ” ပြုခဲ့သည့်အကြောင်း ကို သံခိပ်ကျမ်းတွင် အကျယ် တဝင့်ဖေါ်ပြထားခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် အိမ်မွေးနွားမျိုးများကို ရှေးအစဉ် အဆက်ကတည်းမှပင် မွေးမြူခဲ့ကြောင်း သိသာနိုင်ပါသည်။ ယနေ့ခေတ်တွင်လည်း  မြန်မာနိုင်ငံ တွင် အိမ်မွေးနွားမျိုးများကို လယ်ယာစိုက်ပျိုးရေးတွင် လည်းကောင်း၊ နို့ထုတ်လုပ်ရေးအတွက် လည်းကောင်း၊ အသားစားနွားမွေးမြူရေးအတွက် လည်းကောင်း၊  သယ်ယူပို့ဆောင်ရေးအတွက် လည်းကောင်း ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ကျယ်ပြန့်စွာ မွေးမြူလျက်ရှိပါသည်။

 

၂။      မြန်မာ့နွားမျိုးများ၏ နိုင်ငံတော်၏ဝင်ငွေအတွက် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်မှု          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် မြန်မာ့နွားမျိုးများသည် ရှေးအစဉ်အဆက်မှပင် မွေးမြူခဲ့သောတိရစ္ဆာန်အရင်း အမြစ် (Animal resources) ဖြစ်ပါသည်။ ယခုအချိန်အခါတွင်  မြန်မာ့နွားသည် နိုင်ငံတော်၏ အခွန် ဘဏ္ဍာငွေရှာဖွေရာမှုအတွက် တစ်ဖက်တစ်လမ်းမှပါဝင်၍ တစ်နှစ်ထက်တစ်နှစ် တရားဝင်အခွန် ဘဏ္ဍာငွေများကို ရှာဖွေပေးလျက်ရှိသည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။ မြန်မာ့ကျွဲနွားများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၅၁.၃၅)သန်းကျော်ကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၆၈၄.၆၂)သန်းကျော်ကို လည်းကောင်း၊ ဘဏ္ဍာရေးနှစ် (၂)နှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၃၅.၉၇)သန်းကျော်ကို နိုင်ငံတော် အတွက် ရှာဖွေပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် မြန်မာ့နွားများမှ အဟာရ ပြည့်ဝသော အသား၊နို့ အပြင် လယ်ယာစိုက်ပျိုးရေးနှင့်သယ်ယူပို့ဆောင်ရေး တို့တွင် ယနေ့အထိတိုင် အသုံးချလျက် ရှိသော လုပ်အား၊စိုက်ပျိုးရေးတွင် အော်ဂဲနစ်မြေဩဇာအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်သော မြန်မာ့နွားများ၏နွားချေး စသည့်များကို ထုတ်လုပ်ပေးလျက်ရှိသောကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အရေးပါလှပေသည်။  ထို့ကြောင့် မြန်မာ့နွားမျိုးများသည် မြန်မာနိုင်ငံ အတွက် အရေးပါသော တိရစ္ဆာန်အရင်းအမြစ်အဖြစ် တည်ရှိခဲ့သည်မှာ မုချဧကန် မလွဲဖြစ်ပါသည်။

 

၃။      မြန်မာ့နွားမျိုးများ

          မြန်မာ့နွားမျိုးများကို နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ အရောင်ပေါ်မူတည်ပြီး အုပ်စုခွဲ၍ အလွယ်တကူ ခေါ်ဆိုကြသည်ဟု ဆရာဉီးအောင်စိုးမှ မြန်မာ့ကျွဲ မြန်မာ့နွားစာအုပ်တွင် ရေးသားဖေါ်ပြထားပါသည်။ ထို့အပြင် ဒေသအခေါ်အဝေါ်ပေါ်မူတည်ပြီး မြန်မာ့နွားမျိုးများကို နွားနီအုပ်စုတွင် နွားနီ၊ နွားရွှေနီ၊ နွားကျစ်၊နွားကျစ်၊ နွားကျစ်နီ၊ နွားကျစ်ကြား၊ နွားနီထိပ်ကွက်၊ နွားနီမြီးစွပ်၊ နွားနီကြား၊ နွားနီရဲရဲတောက်၊ နွားဝါနီ၊ ချိပ်နီ၊ ပုဆွန်ဆီ၊ အုန်းခွံ၊ ဇော်နီကွမ်းသွေး၊ နွားဝါ၊ နွားဝါဖွဲနုနှင့်နွားဝါခြောက်ဟူ၍ လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူ၊ နွားပြာကြား၊ နွားပြာထိပ်ကွက်၊ နွားပြာမြီးစွပ်၊ နွားပြာသံရောင်၊ နွားပြာနှမ်း၊နွားပြာနီကွမ်းသွေးနှင့်နွားနှမ်း ဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ ဩဇာချိပ်၊ သံရောင်ချိပ်၊ နွားနက်ကြား၊ နွားနက်စွပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသရောင်၊ နွားပြေ၊ နွားပြေညို၊ နွားပြေညို၊ နွားပြေနီ၊ နွားပြေထန်းသီးနှင့် နွားပြေသံရောင် ဟူ၍လည်းကောင်း၊ နွားဖြူအုပ်စုတွင် စာအု၊ စံပယ်ဖြူ၊ စံပယ်၊ စာအုဝါ၊ စာအုဝါကြား၊ စာအုထိပ်ကွက်၊ စာအုပြာ၊ စာအုအုန်းခွံ၊ စာအုနှာပြောက်၊ စာအု မြီးတန်ကြောင်၊ စာအုမြီးစွပ်နှင့်စံပယ်နီ ဟူ၍လည်းကောင်း ဒေသအလိုက် ခေါ်ဝေါကြပါသည်။ အခြားသော ဒေသအခေါ်အဝေါ်များလည်း ရှိနိုင်ပါသေးသည်။ ၎င်းတို့သည် မျက်မြင်အားဖြင့် ရုပ်သွင်ပြင်လက္ခဏာ(အရောင်)ပေါ်မူတည်၍ ရှေးအစဉ်အဆက် ကတည်းက ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ မြန်မာ့နွားမျိုးများကို ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agricultural Organization,FAO) ၏ နိုင်ငံအတွင်းတိရစ္ဆာန်ကွဲပြားခြားနားမှုသတင်း ပေးစနစ် (Domestic Animal Diversity Information System, DAD-IS) တွင် ပြာစိမ်း၊ ရွှေနီကြီး၊  ရှမ်းနွားပု၊ ထားဝယ်နွား၊ ကျောက်ဖြူနွား၊ ကန်တုံတ (Kantonda) ဟူ၍ မှတ်တမ်းပေးပို့ထားရှိ ပါသည်။ ထို့အပြင် မွေးမြူရေးနည်းစနစ်ပတ်သက်၍ ဒေသနွားမျိုးမြှင်တင်မွေးမြူရေးနည်းစနစ် များကို မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း ရေးသားခဲ့ပြီး ၂၀၁၃ခုနစ်တွင် သုတပဒေသာ (အသုံးချသိပ္ပံ)အမျိုးသားစာပေဆု ရရှိခဲ့သော “သဘာဝပတ်ဝန်းကျင်အကျိုးပြု နို့စားနွားမွေးမြူရေး”စာအုပ်တွင်လည်း ပြည့်စုံစွာဖေါ်ပြထားပါ သည်။ သို့သော် ၂၀ ရာစုအထိ မော်လီကျူလာနည်းပညာ (Molecular method)ကို အသုံးပြု၍ မြန်မာ့နွားမျိုးများ၏ ဒီအန်အေ (Deoxyribonucleic Acid,DNA) တွင် ပါရှိသော မျိုးရိုးဗီဇများကို သုတေသနပြု၍ လေ့လာခဲ့မှုများ မရှိခဲ့ပေ။ စာရေးသူသည် ၂၀၁၃ ခုနစ်မှ ၂၀၁၉ ခုနစ်အထိ ဂျပန်နိုင်ငံ၊ ကာဂိုရှီးတက္ကသိုလ်၌ မြန်မာ့နွားမျိုးများ၏ မျိုးရိုးဗီဇများကို မော်လီကျူလာနည်းပညာ ကို အသုံးပြုပြီး ပါရဂူဘွဲ့အတွက် သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။

 

၄။      မိုက်တိုကွန်ဒရီးယားဒီလု (Mitochondrial d-loop)ပေါ်မူတည်၍ နွားမျိုးများကွဲပြားခြင်း

မိုက်တိုကွန်ဒရီးယားဒီအန်အေသည် စက်ဝိုင်းပုံသဏ္ဌာန်ရှိသော ဒီအန်အေ (Circular DNA) အမျိုးအစားဖြစ်ပြီး  မျိုးရိုးဆက်ခံနိုင်မှုသဘောတရားအရ မိခင်မှသာ သားသမီးထံသို့ အမွေပေး နိုင်ပါသည်။ ဖခင်မှ သားသမီးထံသို့ အမွေမပေးနိုင်ပေ။ ထို့ကြောင့် မျိုးရိုးဗီဇသိပ္ပံပညာရှင်အများစု သည် မိခင်မျိုးရိုးအဆက်အနွယ် (Maternal lineage) ကွဲပြားခြားမှုကို မိုက်တိုကွန်ဒရီးယား ဒီအန်အေအတွင်း၌ရှိသော မိုက်တိုကွန်ဒရီးယားဒီလုကို အသုံးပြု၍ လေ့လာကြပါသည်။ နွားမျိုးများ၏ မိုက်တိုကွန်ဒရီးယားဒီလုကို လေ့လာရာတွင် သမပိုင်းဒေသနွားမျိုး (Bos taurus)၊ အပူပိုင်းဒေသနွားမျိုး (Bos indicus )ဟူ၍ အဓိကအားဖြင့် (၂)မျိုး ကွဲပြားပါသည်။ ထို့ပြင် မိုက်တိုကွန်ဒရီးယားဒီလု၏ ကွဲပြားခြားမှုပေါ်မူတည်၍ အအေးပိုင်းဒေသနွားမျိုးတွင် မိခင်မျိုးရိုး အုပ်စု (Maternal lineage Haplogroups) (၆)ခု ရှိပြီး ၎င်းတို့မှာ    Haplogroup R, Haplogroup T, Haplogroup P, Haplogroup Q, Haplogroup E နှင့် Haplogroup C တို့ဖြစ်ကြပါသည်။ အပူပိုင်းဒေသနွားမျိုး Haplogroup I (၁)ခုတည်းသာရှိပြီး ၎င်းမှ ဆင့်ပွားအုပ်စု Haplogroup (I1), Haplogroup (I1a) နှင့် Haplogroup (I2), Haplogroup (I2a) ဟူ၍ (၄)မျိုးရှိပါသည်။

 

၅။      မြန်မာ့နွားမျိုးများ၏မိခင်မျိုးရိုးတည်ရှိနေမှု

(က)   မျိုးရိုးဗီဇအကွာအဝေးပေါ်မူတည်၍မျိုးရိုးဗီဇဆက်နွယ်မှု မိုက်တိုကွန်ဒရီးယားဒီလုကိုအခြေခံပြီး မျိုးရိုးဗီဇအကွာအဝေးကိုပေါ်မူတည်၍ ဘိုဘိုင်းဒေး (Bovidae) အမျိုးတို့၏ မျိုးရိုးဗီဇဆက်နွယ်တည်ရှိမှုကို မက်ဂါ (MEGA)ဟုခေါ်သော မျိုးရိုးဗီဇ ဆော့ဝဲလ်ဖြင့် တွက်ချက်ထားပြီး ပုံ(၁)တွင် ဖေါ်ပြထားပါသည်။ သမပိုင်းဒေသနွားမျိုး (Bos taurus)၊ အပူပိုင်းဒေသနွားမျိုး (Bos indicus )များသည် နွားရိုင်းများမှ ဆက်းသက်လာခဲ့ခြင်း ကြောင့်  အဓိကအကိုင်းအခက်ကြီးဖြင့် ဆင်းသက်လာကြပါသည်။ သို့သော် မြန်မာနွားမျိုးများ ဖြစ်သော ပြာစိမ်း၊ ရွှေနီ၊ နွားပြာနီနှင့် ရှမ်းနွားပုတို့မှာ အပူပိုင်းဒေသနွားများနှင့် နီးစပ်ပြီး သမပိုင်းဒေသနွားမျိုးများ ဝေးကွာလျက်ရှိပါသည်။ မြန်မာနွားမျိုးများ၏မိခင်မျိုးရိုးသည် သမပိုင်း ဒေသနွားမျိုးများနှင့်မျိုးဗီဇဆက်စပ်မှု (Genetic relationship) မရှိပေ။ တစ်နည်းအားဖြင့် ဆိုရလျှင် မြန်မာနွားမျိုးများ၏ မိခင်မျိုးရိုးသည် သမပိုင်းဒေသနွားမျိုးများနှင့် ဆွေးမျိုနီးစပ်မှု ဝေးကွာပြီး မြန်မာနွားမျိုးများတွင် သမပိုင်းဒေသ နွားမျိုးများ၏ မိခင်မျိုးရိုးများ ဝင်ရောက် လွှမ်းမိုးမှု၊ မျိုးရိုးဗီဇစီးဝင်မှု (Genetic introgression) မရှိပေ။ ထို့ကြောင့် မြန်မာ့ နွားမျိုးများသည် မိမိကိုယ်ပိုင်မျိုးရိုးဗီဇများကို ပိုင်ဆိုင်သော မြန်မာ့နွားမျိုးများ စစ်စစ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာ့နွားမျိုးများ၏ တစ်မျိုးနှင့်တစ်မျိုး မျိုးရိုးဗီဇအကွာအဝေးကို လေ့လာရာတွင် ပြားစိမ်းမျိုးနှင့် ရှမ်းနွားပုမျိုးသည် အခြားမျိုးများနှင့် သီးခြားစွာတည်ရှိလျက် ရှိပါသည်။ ရွှေနီမျိုးနှင့် နွားပြာနီမျိုး သည် အကိုင်းတစ်ခုတည်းတွင်ရှိနေသောကြောင့် ဆွေမျိုးအလွန်နီးစပ်ပါသည်။

(ခ)     မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးဗီဇအုပ်စုကွန်ယက်ဆက်နွယ်မှု

          မြန်မာနွားမျိုးများတွင် မိခင်မျိုးရိုးဗီဇအုပ်စု (Maternal Haplogroup)ကို နက်ဝါ့ခ် (Network)ဟုခေါ်သော မျိုးရိုးဗီဇကိုလေ့လာသောဆော့ဝဲလ်ဖြင့် တွက်ချက်၍ ပုံ (၂)တွင် ဖေါ်ပြ ထားပါသည်။ မိခင် မျိုးရိုးဗီဇအုပ်စုအားဖြင့် မြန်မာနွားမျိုးများသည် သမပိုင်းဒေသနွားမျိုး (Bos taurus) တွင် မပါဝင်ဘဲ အပူပိုင်းဒေသနွားမျိုး (Bos indicus)၏ Haplogroup ဖြစ်သော Haplogroup (I)နှင့် ဆင့်ပွားအုပ်စုဖြစ်သော Haplogroup (I1), Haplogroup (I1a)နှင့် Haplogroup (I2) တို့တွင် တည်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် စာရေးသူ လေ့လာခဲ့သော နွားများတွင် သမပိုင်းဒေသ နွားမျိုးများ၏ မျိုးရိုးဗီဇ လွှမ်းမိုးမှု၊ စီးဆင်းဝင်ရောက် မရှိသေးကြောင်း လေ့လာတွေ့ရှိခဲ့ ရပါသည်။ အပူပိုင်းဒေသနွားမျိုး (Bos indicus)၏ ဆင့်ပွားအုပ်စု Haplogroup (I2a) သည် အိန္ဒိယရှိ နွားမျိုးများတွင် တွေ့ရသော်လည်း မြန်မာနွားမျိုးများတွင် မရှိသေးကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

(ဂ)     မိခင်မျိုးရိုးများကွဲပြားတည်ရှိမှု

          မြန်မာနွားမျိုးများတွင် Maternal haplotype or Ancestor စုစုပေါင်း ၂၇ ခု တွေ့ရှိရပြီး ၎င်းတို့ကို မက်ဂါ (MEGA)ဟုခေါ်သော မျိုးရိုးဗီဇဆော့ဝဲလ်ဖြင့် တွက်ချက်ထားပြီး ပုံ (၃) တွင် ဖေါ်ပြထားပါသည်။ တနည်းအားဖြင့်ဆိုရသော် မြန်မာ့နွားမျိုးများတွင် မိခင်မျိုးရိုး ၂၇ မျိုးရှိခဲ့ပြီး ၎င်းတို့သည် အခြား ဘိုဘိုင်းဒေး (Bovidae) အုပ်စုဝင်ဖြစ်သော အိန္ဒိယပြောင်၊ အမေရိကန် ပြောင်တို့၏ မိခင်မျိုးရိုးများနှင့်သွေးနီးစပ်မှုမရှိပေ။ ထိုမျှမက သမပိုင်းဒေသနွားမျိုးများ၏ မိခင် မျိုးရိုးများနှင့်လည်း သွေးနီးစပ်မှုမရှိပေ။ ထို့ကြောင့် မြန်မာနွားမျိုးများ၏ မိခင်မျိုးရိုးသည် မျိုးစစ်စစ်အဖြစ် တည်ရှိခဲ့ပါသည်။ စာရေးသူတွေ့ရှိခဲ့သော မြန်မာနွားမျိုးများ၏မိခင်မျိုးရိုး (၂၇) ခုအနက် (၁၅) ခုမှာ အမေရိကန်တွင် အခြေစိုက်တည်ရှိသော မျိုးရိုးဗီဇဘဏ်(GenBank)ရှိ ဇီဝ နည်းပညာသတင်းအချက်အလက်အမျိုးသားဗဟိုဌာန (National Center for Biotechnology Information,NCBI)တွင် မှတ်တမ်းတင်စာရင်းထားရှိခြင်းမရှိသေးသော မိခင်မျိုးရိုးများ ဖြစ်ပါ သည်။ အသစ်တွေ့ရှိခဲ့သော (၁၅)ခုသည် မြန်မာ့နွားမျိုးများတွင်သာ တွေ့ရသော မိခင်မျိုးရိုးဗီဇ များဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့နွားမျိုးများ၏ မိခင်မျိုးရိုးဗီဇများသည် ရှေးယခင်ကပင် သီးသန့်စွာတည်ရှိခဲ့ပါသည်။ မြန်မာ့နွားမျိုးများတွင် တွေ့ရှိခဲ့သော မိခင်မျိုးရိုး  (၂၇)ခုကို စာရေးသူ အနေနှင့် မြန်မာ့နွားမျိုးများ၏ Mitochondrial d-loop gene sequence အဖြစ် NCBI တွင် LC377275 မှ  LC377301 ဖြင့် မှတ်တမ်းတင်ခြင်း (Registration) ကို ပြုလုပ်နိုင်ခဲ့ပါသည်။

၆။      မြန်မာ့နွားမျိုးများအတွက် အနာဂတ်တွင်ဆောင်ရွက်မည့်အချက်များ (Future Prospects)

          စာရေးသူအနေဖြင့် မြန်မာ့နွားမျိုးများ၏ ဖခင်မျိုးရိုးများ (Paternal lineages)၊ မျိုးရိုးဗီဇ တစ်ခုလုံး၏ ဒီအန်အေအစီအစဉ်တည်ရှိနေမှု (Whole genome DNA sequencing)၊ စီးပွားရေးအရ အရေးပါသော မျိုးရိုးဗီဇလက္ခဏာများ (Economic important genetic traits)၊ အခြားအိမ်နီးခြင်း နိုင်ငံများရှိ နွားမျိုးများနှင့်မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားခြားနိုင်မှု၊ ဆက်စပ်မှုများကို မောလီကျူလာ နည်းပညာဖြင့် လေလာခဲ့ပါသည်။ ၎င်းလေ့လာတွေ့ရှိချက်များကိုလည်း ဆက်လက်ဖော်ပြနိုင်ရန် ကြိုးစားလျက်ရှိကြောင်း တင်ပြအပ်ပါသည်။ အချုပ်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေရှာဖွေပေးနိုင်သောမြန်မာ့နွား၊ အဟာရပြည့်ဝသော အသား၊ နို့တို့ကို ထုတ်လုပ်ပေးနိုင်သောမြန်မာ့နွား၊ လယ်ယာစိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ယနေ့အထိတိုင် အသုံးချလျက်ရှိသောလုပ်အားနှင့် စိုက်ပျိုးရေးတွင် အသုံးချလျက်ရှိသော အော်ဂဲနစ်မြေဩဇာတို့ကိုထုတ်လုပ်ပေးနိုင်သောမြန်မာ့နွား စသည့်အချက်များကြောင့် မြန်မာ့ နွားများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် အမြဲတမ်းအရေးပါလျက် ရှိကြောင်း နှင့်မြန်မာ့နွားများသည် မိမိ၏ကိုယ်ပိုင် မျိုးရိုးဗီဇများကို ပိုင်ဆိုင်လျက်ပြီး မျိုးရိုးဗီဇစစ်မှန်သော မြန်မာ့နွားမျိုးစစ်စစ်များအဖြစ် ရှင်သန်လျက်ရှိခဲ့ကြောင်းကို ဗဟုသုတအနေဖြင့် လေးစားစွာ ဖေါ်ပြအပ်ပါသည်။

 

မောင်မိုး(မွေးကု)

ဒေါက်တာမိုးလွင်

သုတေသနအရာရှိ

မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန

 

၇။      ကျမ်းကိုးကားစာရင်း

Ajmone-Marsan et al. (2010). On the Origin of Cattle: How Aurochs Became Cattle and Colonized the World. Evolutionary Anthropology 19:148–157

Aung Soe, (1994). မြန်မာ့ကျွဲ မြန်မာ့နွား (စာပေဗိမာန်ဆုရ)

Bradley DG et al. (1996). Mitochondrial diversity and the origins of African and European cattle. Proceeding of the National Academy of Sciences of the United States of America, 93, 5131-5135

Livestock, Breeding and Veterinary Department, exported data, 2018-2019, Budget year (unpublished).

Livestock, Breeding and Veterinary Department, တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်ဇယားများ; [cited 24 February 2020]. http://www.lbvd.gov.mm/my/livestock-data

Livestock, Breeding and Veterinary Department, exported data, 2018-2019, Budget year (unpublished).

Loftus RT et al. (1994). Evidence for two independent domestication of cattle. 1994. Proceeding of the National Academy of Sciences of the United States of America, 91: 2757–2761.

Moe Lwin, et al. (2018a). Genetic diversity of Myanmar cattle breeds using complete mitochondrial D-loop sequence. The Journal of Animal Genetics, 46: 57-68.

Moe Lwin, et al. (2018b). Genetic diversities and population structure of four popular Myanmar local cattle breeds. Animal Science Journal, 89: 1648-1655.

Moe Lwin, PhD Thesis, (2019). Study on genetic diversity of Myanmar cattle breeds, Kagoshima University, Japan

National Consultative Committee, Myanmar. (2002). National Report on Animal Genetic Resources, the Union of Myanmar [homepage on the Internet]. Food and Agriculture Organization of the United Nations, Rome, Italy; [cited 11 February 2020].

Scherf BD. (2000). World watch list for domestic animal diversity. 3rd ed. (Scherf BD Ed.) Food and Agriculture Organization of the United Nations. Rome, Italy.

Ye Tun Win (2013). သဘာဝပတ်ဝန်းကျင်အကျိုးပြု နိုးစားနွားမွေးမြူရေး၊ သုတပဒေသာ (အသုံးချသိပ္ပံ) အမျိုးသားစာပေဆု။