Image: 

ကျွဲ၊နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

ဇူလိုင်လ 11, 2019

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် နယူးဇီလန်အစိုးရ၏ အထောက်အပံ့ဖြင့် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့(OIE)တို့ ပူးပေါင်း၍  မြန်မာနိုင်ငံ ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေး အတွက် OIE-LBVD Myanmar FMD Control Project ကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၄)ခုတို့တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး  ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကျေးရွာ ပေါင်း (၁၉၆၈) ရွာ ၊   ပြည်သူလူထုအသိပညာပေးဟောပြောပွဲများအနေဖြင့် ကျေးရွာပေါင်း (၁၅၂၇)ရွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ခွာနာလျှာနာရောဂါထိန်းချုပ်ရေးစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ခွာနာလျှာနာ ရောဂါကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ရန်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပြီး ကျွဲ၊နွားကောင်ရေ သန်း (၂၀)ကျော် ခန့်ထိ မွေးမြူထားရှိပါသည်။ ကျွဲနွားများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ရောဂါများမှာ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါနှင့် ခွာနာလျှာနာရောဂါ တို့ဖြစ်ပါသည်။ ခွာနာလျှာနာရောဂါသည်  စီးပွားရေးဆုံးရှုံးမှုများပြားပြီး ကျွဲနွားကုန်သွယ်မှု ကိုပါ အဟန့်အတားဖြစ်စေသော ရောဂါတစ်ခုဖြစ်ပါသည်။

မိမိတို့ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကျွဲနွားကူးသန်းရောင်းဝယ်မှုမှာ တရားဝင် ဖြစ်လာသည့်အတွက်ကြောင့် အဆိုပါကူးသန်းရောင်းဝယ်မှုတွင် ခွာနာလျှာနာရောဂါသည် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်သည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ထားရန် အလွန်အရေးကြီးပါသည်။

 သို့ဖြစ်ပါ၍ မွေးမြူသူတောင်သူများအနေဖြင့် ကျွဲနွားများအား အခမဲ့ ခွာနာလျှာနာ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေး တိုးတွန်းနှိုးဆော်အပ်ပါသည်။