REGISTRATION FORM

ကျွဲနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ပသို့ တရားဝင်တင်ပို့ခြင်းဆိုင်ရာ စတုတ္ထအကြိမ်အစည်းအဝေး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် FAO တို့ ပူးပေါင်း၍ ကျွဲနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ပသို့တရားဝင်တင်ပို့ခြင်းဆိုင်ရာ စတုတ္ထအကြိမ် အစည်းအဝေးကို “ကျွဲနွားကုန်သွယ်မှုသည် မြန်မာနိုင်ငံနေပြည်တော်ရှိ Royal ACE Hotel တွင် ယနေ့ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာစိုးမိုးအောင်၊ ပညာရှင်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွဲနွားတင်ပို့ရောင်းချသည့် ကုမ္ပဏီများ စုစုပေါင်း (၈၅) ဦးတက်ရောက်ခဲ့ကြပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျွဲနွားများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှုကို စမ်းသပ်ကာလအဖြစ် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှ စတင် ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်ပြီး   ရရှိလာသော အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး လက်တွေ့ ကျသော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကာ မွေးမြူသူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှုလုပ်ငန်းအဖြစ် အရှိန်အဟုန်မြှင့်နိုင်ရန် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ တို့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအထိ ကျွဲ/နွားကောင်ရေ (၁၅၃,၆၄၃)  ကောင်ကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အမှတ်အသား တပ်ဆင်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ကျန်းမာရေး ထောက်ခံချက်လက်မှတ် များထုတ်ပေးခဲ့ပြီး၊  ကျွဲနွား တရားဝင်ကုန်သွယ်မှုလုပ်ငန်းမှ အမေရိကန် ဒေါ်လာ (၁၅၀) သန်းခန့်ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် ရှာဖွေပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်သွယ် ဘက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်း လွယ်ကူချောမွေ့စေ​ရန်အတွက် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ကျွဲနွားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ခြင်း၊ အာမခံနှင့် ရင်းနှီးငွေများရရရှိရေးနှင့် ရောဂါကင်းရှင်းဇုန်များ တည်ထောင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။